" />
ဇာတိ၏အဆုံး၊ ဒုက္ခ၏အဆုံးကို မြင်တော်မူသော မြတ်စွာဘုရားသည် တစ်ခု တည်းသောမဂ်ကို ဟောကြားတော်မူခဲ့လေပြီ။ မဂ်ဆိုရာ၌ လမ်းကိုဆိုလိုခြင်း ဖြစ်သည်။ ထိုလမ်းကား မသေရာလမ်းပင်ဖြစ်၏။ သံသရာအဆက်မပြတ် အဖန်ဖန် သေပွဲဝင်ရခြင်းဟူသည့် အကြီမားဆုံးသော ဒုက္ခကြီးကို မြတ်ဗုဒ္ဓသည် ဖြတ် တောက်ခဲ့လေပြီ။ ကိုယ်တိုင်သိမြင်ပြီးသော အေးချမ်းရာ နိဗ္ဗာန်ဆီသို့ သွားရောက် နိုင်သောလမ်းကိုလည်း သတ္တ၀ါတို့အား ဟောကြား တော်မူခဲ့ပါသည်။ သံသရာ စက်ရဟတ်ကို ဖြတ်တောက်ပြီးခဲ့သော မြတ်ဗုဒ္ဓသည် ငြိမ်းချမ်းတော်မူခဲ့လေပြီ။
သံသရာဆိုသည်မှာ အဘယ်နည်း။ “မွေးဖွားခြင်း- ဇာတိ၊ အိုမင်းရင့်ရော်ခြင်း- ဇရာ၊ ဖောက်ပြန်ခြင်း- ဗျာတိ၊ ပျက်စီးချုပ်ပျောက်ခြင်း- မရဏ” တို့ အဆက်မပြတ် ဖြစ်ခြင်း ပျက်ခြင်းသဘောကို ဆိုလိုခြင်းဖြစ်သည်။ ထိုဆင်းရဲတို့၏အဆုံးကို မြင်တော်မူပြီးခဲ့သော မြတ်စွာဘုရားသည် မဂ္ဂင်ရှစ်ပါးကျင့်စဉ်တရားတို့ကို ဟောပြ ဆုံးမတော်မူခဲ့ပါသည်။ ဤဆုံးမတော်မူခဲ့သော မဂ္ဂင်ရှစ်ပါးတရားတော်ကြီးသည် အဖိုးမဖြတ်နိုင်သော တရားတော်ကြီးဖြစ်ခြင်းကြောင့် လိုက်နာကျင့်ကြံကြသူတို့ အဖို့ အင်မတန်အကျိုးကြီးမားလှသော တရားတော်ကြီးပင်ဖြစ်ပါသည်။ ထိုမဂ္ဂင်ရှစ် ပါး ကျင့်စဉ်တရားတို့မှာ-
(၁) သမ္မာဒိဋ္ဌိ = မှန်သောအမြင်ရှိခြင်း။ (ပညာမဂ္ဂင်)
(၂) သမ္မာသင်္ကပ္ပ = မှန်သောကြံစည်တွေးတောခြင်း။ (ပညာမဂ္ဂင်)
(၃) သမ္မာဝါစာ = မှန်သောပြောဆိုခြင်း။ (သီလမဂ္ဂင်)
(၄) သမ္မာကမ္မန္တ = မှန်သောပြုလုပ်ခြင်း။ (သီလမဂ္ဂင်)
(၅) သမ္မာအာဇီဝ = မှန်သောအသက်မွေးခြင်း။ (သီလမဂ္ဂင်)
(၆) သမ္မာဝါယမ = မှန်သောဝီရိယရှိခြင်း၊ အားထုတ်ခြင်း။ (သမာဓိမဂ္ဂင်)
(၇) သမ္မာသတိ = မှန်သောသတိရှိခြင်း။ (သမာဓိမဂ္ဂင်)
(၈) သမ္မာသမာဓိ = မှန်သောတည်ကြည်ခြင်း။ (သမာဓိမဂ္ဂင်) တို့ ဖြစ်ကြပါသည်။
သမ္မာဒိဋ္ဌိ (သမ္မာ- မှန်ကန်စွာ၊ ဒိဋ္ဌိ- မြင်ခြင်း ၊ အယူရှိခြင်း) ဖြစ်ပါသည်။ အမှန်ဆုံး သော အမြင်ကတော့ သစ္စာလေးပါးမြင်ခြင်းကို ဆိုလိုပါသည်။ ခန္ဓာနှင့်နိဗ္ဗာန် အလွန်ဝေးကွာစွာရှိနေသည် မဟုတ်ပါပေ။ နိဗ္ဗာန်နှင့် ခန္ဓာတို့သည် တစ်ဆက် တည်းရှိသည်ဟု မြတ်ဗုဒ္ဓမိန့်ကြားတော်မူခဲ့ပါသည်။ အဘယ့်ကြောင့် ဝေးသည်ဟု ထင်နေရသနည်း။ လောဘ၊ ဒေါသ၊ မောဟစသော ကိလေသာရေအလျှင်တို့ ဖုံးလွှမ်းနေခြင်းကြောင့် ဝေးနေရခြင်းဖြစ်ပါသည်။ ဆိုလိုသည်မှာ နိဗ္ဗာန်သည် တစ်ဘက်ကမ်း၊ ခန္ဓာကို ကျန်တစ်ဘက်ကမ်းဟုဆိုလျှင် ကြား၌ရှိသော ရေအလျှင် တို့ ဖုံးလွှမ်းထားခြင်းကြောင့် ကမ်းနှစ်ခု တစ်ဆက်တည်းရှိနေမှန်း မသိရလောက် အောင် ဝေးကွာသည်ဟု ထင်နေရခြင်းပင်ဖြစ်၏။ ထိုရေတို့ကို ဖယ်ထုတ်လိုက် လျှင် တစ်ဆက်တည်းရှိမှန်း မြင်နိုင်မည်ဖြစ်ပါသည်။
သစ္စာလေးပါးတို့မှာ ဒုက္ခသစ္စာ- ဆင်းရဲခြင်းအမှန်တရား၊ သမုဒယသစ္စာ- ဆင်းရဲ ကြောင်းအမှန်တရား၊ နိရောဓသစ္စာ- ချုပ်ငြိမ်းခြင်းအမှန်တရား၊ မဂ္ဂသစ္စာ- ချုပ်ငြိမ်း ကြောင်းလမ်းမှန်တရား ဟူ၍ဖြစ်၏။ ဒုက္ခသစ္စာ(ခန္ဓာငါးပါး)သည် သိရုံသာသိရမည့် အကျိုးတရား၊ သမုဒယသစ္စာ (လောဘ)သည် ပယ်သတ်ရမည့် အကြောင်းတရား၊
နိရောဓသစ္စာ(နိဗ္ဗာန်)သည် ဆိုက်ရောက်ရမည့်တရား၊ မဂ္ဂသစ္စာ(မဂ္ဂင်ရှစ်ပါး)သည် ပွားများရမည့်တရားတို့ ဖြစ်ကြ၏။ ဒုက္ခကိုသိလိုက်ရုံဖြင့် လိုချင်မှုလောဘကို ပယ်သလို ငြိမ်းချမ်းခြင်းနိရောဓကိုဆိုက်ခြင်းနှင့် ပွာများခြင်းမဂ္ဂတို့သည် တစ်ပြိုင် နက်တည်းပင် ဖြစ်၏။ သောတာပန်မဖြစ်သေးသည့် ၀ိပဿနာအားထုတ်နေသော ပုထုဇဉ်ပုဂ္ဂိုလ်သည် ဒုက္ခကိုသစ္စာထိုက်အောင် မသိသေးသည် ဖြစ်ခြင်းကြောင့် ပယ်ခြင်း၊ ဆိုက်ခြင်း၊ ပွားခြင်းတို့သည် သစ္စာထိုက်ဦးမည် မဟုတ်သေးချေ။ သို့သော်လည်း ဒုက္ခသိခြင်းကို အဖန်ဖန် ဥာဏ်ဦးနေခြင်းဖြင့် ပယ်ခြင်း၊ ဆိုက်ခြင်း၊ ပွားခြင်းတို့သည်လည်း တစ်ပြိုင်နက်ဖြစ်နေပေမည်။ ဤနေရာ၌ ပုထုဇဉ်တို့၏ မဂ္ဂင်သည် ငါးပါးသာရှိနေဦးမည်ဖြစ်သည်။ သီလမဂ္ဂင်သည် သောတာပန် အရိယာမှသာလျှင် အဓိသီလဖြစ်သွားသည် ဖြစ်ခြင်းကြောင့် မဂ္ဂင်ရှစ်ပါး စုံလင် သွားရပေသည်။ ပုထုဇဉ်တို့၏သီလမှာ မခိုင်မြဲသေးသည် ဖြစ်ခြင်းကြောင့် သစ္စာထိုက်သောသီလ မဖြစ်သေးခြင်းဖြစ်ပါသည်။
ဥပရိပဏ္ဏာသပါဠိတော်၊ အဋ္ဌကထာတို့မှာလာသော သမ္မာဒိဋ္ဌိငါးမျိုးရှိပါသည်။ ၎င်း တို့ ကတော့-
(၁) ကမ္မသကတာ သမ္မာဒိဋ္ဌိ - ကောင်းကျိုး၊ မကောင်းကျိုးတို့သည် ဖန်ဆင်းရှင်က မဖန်တီး၊ မိမိပြုလုပ်ခဲ့သော ကောင်းမှုကံတို့က ကောင်းကျိုးကိုဖန်တီးမည်ဖြစ်ပြီး၊ မကောင်းသောကံတို့က မကောင်းကျိုးတို့ကို ဖန်တီးမည်ဖြစ်သည်ဟု အမြင်မှန် ခြင်း။
(၂) ၀ိပဿနာသမ္မာဒိဋ္ဌိ - ငါ၊ သူတစ်ပါး၊ ယောက်ျား၊ မိန်းမ မရှိ၊ (က) ရူပက္ခန္ဓာ- ဖောက်ပြန်ပျက်စီးတတ်သော သဘောတရားအစု(ရုပ်တရား)၊ (ခ) သညာက္ခန္ဓာ- မှတ်သားတတ်သော သဘောတရားအစု(နာမ်တရား)၊ (ဂ) သင်္ခါရက္ခန္ဓာ- ကြံစည် တွေးတောတတ်သော သဘောတရားအစု(နာမ်တရား)၊(ဃ) ဝေဒနာက္ခန္ဓာ-ခံစား တတ်သော သဘောတရားအစု(နာမ်တရား)၊ (င) ၀ိဥာဏက္ခန္ဓာ-သိတတ်သော သဘောတရားအစု(နာမ်တရား)တို့သာလျှင်ရှိသည်ဟု သိမြင်ပြီး ဖြစ်ခြင်း-ပျက်ခြင်း သဘောကိုသာရှိသည်ဟု အမြင်မှန်ခြင်း။
(၃) မဂ်သမ္မာဒိဋ္ဌိ - ခန္ဓာငါးပါး၏ ဖြစ်ပျက်သဘော ဒုက္ခသစ္စာကိုဘဲမြင်ခြင်း။
(၄) ဖလသမ္မာဒိဋ္ဌိ(ဖိုလ်သမ္မာဒိဋ္ဌိ)- မဂ်ကြောင့်ရသောအကျိုး(နိဗ္ဗာန်ကိုအမှန်မြင် ခြင်း)။
(၅) ပစ္စ၀က္ခဏာသမ္မဒိဋ္ဌိ - နိဗ္ဗာန်၏ငြိမ်းအေးချမ်းသာယာမှုကို ပြန်ပြီးဆင်ခြင် သုံးသပ်ခြင်းဖြင့် အမှန်မြင်ခြင်း။ ဟူ၍ ဖြစ်ပါသည်။
တဖန်လည်း သမုတိနယ်(ပညတ်နယ်)မှာရှိသော သမ္မဒိဋ္ဌိ(၁၀)မျိုးလည်း ရှိပါ သေးသည်။ ၎င်းတို့မှာ-
(၁) အတ္ထိဒိန္နံလောကေ- လောကမှာ အပြစ်မရှိ ကောင်းသောဝတ္ထုပစ္စည်းတွေကို ပေးလှူခြင်းပြုသူသည် ကောင်းကျိုးချမ်းသာရရှိပြီး အပြစ်ရှိသည်၊ ကောင်းသော ပစ္စည်းတွေကို လှူတာကတော့ မကောင်းကျိုးဘဲ ပေးတယ်ဟူ၍ အမြင်မှန်ရှိခြင်း။
(၂) အတ္ထယိဋ္ဌံ - အကြီးအကျယ်လှူရင် အကြီးအကျယ်ရသည်ဟူ၍ အမြင်မှန်ရှိ ခြင်း။
(၃) အတ္ထိသုကတ ဒုက္ကဋာနံ ကမ္မာနံ ဖလံတိပါကော - ကောင်းမှုပြုလုပ်သော ကုသိုလ်ကံသည် ကြီးကျယ်ကောင်းမြတ်သော အကျိုးရင်းသုခ၊ သေးငယ်ကောင်း စားသည့် အကျိုးဖျားသုခတွေကို မုချပေးပြီး မကောင်းမှုပြုလုပ်သော အကုသိုလ် ကံကတော့ ကြီးကျယ်ဆိုးရွားသည့် အကျိုးရင်းကိုရော၊ သေးငယ်သည့် ဆိုးကျိုး များရော ပေးသည်ဟူ၍ ယုံကြည်ပြီး မကောင်းမှုကို ရှောင်ကြဉ်တတ်သည့် အမြင်မှန်ရှိခြင်း။
(၄) အတ္ထိဟုတံ- တိရစ္ဆာန်တွေကို ကျွေးမွေးပေးလှူခြင်းသည်လည်း ကောင်းကျိုး ပေးသည်ဟူ၍ အမြင်မှန်ရှိခြင်း။
(၅) အတ္ထိမာတာ- လောကမှာ မိခင်ကို ရိုသေလေးစား ၊ ကျွေးမွေးပေးကမ်းခြင်း၊ ကောင်းစွာသဂြိုဟ်ခြင်း၊ အလှူးဒါနပြုပြီး အမျှပေးဝေခြင်း ပြုလုပ်ပေးရမည်၊ မပြု လုပ်ဘဲ မနေအပ်၊ ပြုလုပ်သော သားသမီးမှာ ကောင်းကျိုးချမ်းသာရသည်၊ မပြု လုပ်သော သားသမီးမှာ ဆင်းရဲဒုက္ခမုချဖြစ်မည် စသဖြင့် အမြင်မှန်ရှိခြင်း။
(၆) အတ္ထိပိတာ- မွေးသဖခင် ကျေးဇူးရှင်အပေါ်မှာလည်း မိခင်ကဲ့သို့ပင် သားသမီး များက ပြုလုပ်ကျင့်ကြံသင့်သည်ဟု အမြင်မှန်ရှိခြင်း။
(၇) အတ္ထိ သတ္တာ သြပပါတိဏ- ဒီလောကမှာ သက်ရှိထင်ရှား မြင်ကောင်းသည့် သတ္တ၀ါတွေရှိသလို မမြင်ကောင်းသည့် သြပပါတ်ပဋိသန္ဓေနေသူ နတ်၊ ဗြဟ္မာ၊ တစ္ဆေ၊ ပြိတ္တာ၊ သရဲတွေလည်း ရှိသည်ဟု အမြင်မှန်ရှိခြင်း။
(၈) အတ္ထိအယံ လောကော- မိမိတို့ ရထားသည့် ခန္ဓာနှင့်ဘ၀ဆိုတာသည်လည်း ပညတ်သဘောအမှန်ရှိနေတာဘဲဟူ၍ အမြင်မှန်ရှိခြင်း။
(၉) အတ္ထိ ပရော လောကော- တမလွန်ဘ၀ဆိုတာရှိသည်၊ သေလျှင် နောက်ဘ၀ တစ်ပါးမှာ ကံအားလျှော်စွာ ဘ၀တစ်ခု ဖြစ်ကြရဦးမည်ဟု အမြင်မှန်ရှိခြင်း။
(၁၀) အတ္ထိ လောကေ သမဏဗြမဏော- ဒီလောကမှာ အကျင့်မြင့်မြတ်သည့် ပုဂ္ဂိုလ်တွေရှိသည်၊ သဗ္ဗညုတဥာဏ်ရသည့် ဘုရားပစ္စေကဗုဒ္ဓါတွေ၊ ဈာန် အဘိဥာဏ် ရသည့်ပုဂ္ဂိုလ်တွေလည်း ရှိသည်ဟူ၍ အမြင်မှန်ရှိခြင်း။
ဤပြဆိုခဲ့သော (၁၀) မျိုးတို့သည်လည်း သမုတိနယ်ပယ်၌ အမြင်မှန်ခြင်း-သမ္မာ ဒိဋ္ဌိတို့ပင် ဖြစ်ပါသည်။ အမြင်မှန်ရှိခြင်းဖြင့် လောက၏အမှန်တရားကို ရှာဖွေတွေ့ရှိ မည်ဖြစ်ပါသည်။ အမြင်မှန်မရှိသ၍ကာလပတ်လုံး လောက၏အမှန်တရားကို ရှာဖွေတွေ့ရှိနိုင်မည်မဟုတ်ချေ။ ထို့ကြောင့် ကျွန်ုပ်တို့သည် မြတ်ဗုဒ္ဓဟောကြား ခဲ့သော သစ္စာလေးပါးတရားတော်မြတ်ကြီးကို မဂ်ဥာဏ်ဖိုလ်ဥာဏ်တို့ဖြင့် အမှန်မြင် ရအောင် အခြေခံသမ္မာဒိဋ္ဌိမှ အစပြု၍ ၀ိပဿနာသမ္မာဒိဋ္ဌိအထိ မိမိ၌ ကိန်းအောင်း လာအောင် ကျင့်ကြံကြိုးကုတ်အားထုတ်ဘို့ လိုအပ်ပါသည်။
စာဖတ်သူတို့အားလုံး ကိုယ်ကျန်းမာ၊ စိတ်ချမ်းသာစွာဖြင့် မဂ်သမ္မာဒိဋ္ဌိ၊ ဖလသမ္မာ ဒိဋ္ဌိတို့နှင့် ပြည့်စုံအောင် ကျင့်ကြံကြိုးကုတ်အားထုတ်နိုင်ကြပါစေ။
0 comments:
Post a Comment