တနေ့နေ့ဆိုတာ
တရွေ့ရွေ့လွင့်ပါးသွားလာနေတတ်တဲ့
တိမ်မှုန်တိမ်မွှားတွေလိုပဲလား…
တချိန်ချိန်ဆိုတာ
အကြိမ်ကြိမ် မျှော်ရွတ်နေရသလောက်
အိမ်ရှေ့တံခါးကို တချက်တလေမှမခေါက်တဲ့
သူစိမ်းဆန်ဆန် ဧည့်သည်တယောက်လိုပဲလား…
တမြေ့မြေ့ကျွမ်းသွားတဲ့
တငွေ့ငွေ့အလွမ်းများပေါ်မှာ
ဓားခင်းပြီးမှ လမ်းသလားမိသူ
ဟောဒီ.ဌာနေငတ်နေသူရဲ့ ရင်ဘတ်ထဲ
တဖြုတ်ဖြုတ်ကြွေတဲ့ ကြယ်တွေ
ဘယ်သူကူလို့ ကြိုးနဲ့သီမှာတုန်း…..
နေခြည်နဲ့ ယက်ဖောက်ထားတဲ့
အမေ့နှလုံးသားအဝတ်ဟောင်းလေးကို
ပြန်လည်ဝတ်ဆင်ရဖို့အတွက်
နှင်းစက်တွေကို တဆောင်းလုံးကျောပိုး
မိုးစက်ရေမှုန်တွေကို တမိုးလုံးစောင်လိုခြုံပြီး
တောမီးကို တနွေလုံးတိုးခဲ့ရသူမှာ
ခုချိန်ထိ………………………
ကံကြမ္မာကျောက်သားထက်
ဘဝကို ဇောင်းထက်အောင်သွေးနေရတုန်းပဲ အမေ….။
Subscribe to:
Post Comments (Atom)
0 comments:
Post a Comment