လှေခုတ်ရွာကလေး

ချင်းတွင်းဧရာမြစ်နှစ်ဖြာရစ်ခါ ပတ်ဝိုင်းအလယ်ပိုင်းရှု့ တိုင်းသာယာ လှေခုတ်ရွာ

အိပ်မက်ချိုလေး

သူ…”သူ” ဆိုတာ ကျွန်တော့ရဲ့ သူ ပေါ့။ ကျွန်တော့ရဲ့ အိမ်မက်လေး လို့ပြောရင်လည်းရတယ်။ မဟုတ်သေးပါဘူး ကျွန်တော့ရဲ့ အိပ်မက်ချိုလေး လို့ပြောရင် ပိုမှန်မယ်။ အိပ်ပျော်သွားတိုင်း အိပ်မက် မမက်ပေမယ့် အိပ်မက်မက်တဲ့ အခါတိုင်း အိပ်မက်ချိုလေးတွေ ရှိသလို အိပ်မက်ခါးလေးတွေ၊ အိပ်မက်ဝါးတားတားလေးတွေ မက်တတ်တာ လူတိုင်းကြုံဖူး ကြမှာပါ။ အိပ်မက်ဆိုတာ နားထောင်တဲ့လူ ရှိရင် ပြောပြလို့ရပေမယ့် လိုက်ကြည့်ချင်တဲ့ သူအတွက် လိုက်ပြလို့ ရမှာမဟုတ်ဘူး။ ဒီလိုပါဘဲ ကျွန်တော့ရဲ့ သူ ကိုလည်းလိုက်ပြလို့ ရမှာမဟုတ်ဘူးလေ။ ကျွန်တော် တစ်ယောက်ထဲပဲ ပုံဖော်ကြည့် လို့ရတယ်။ သူက ကျွန်တော့ရဲ့ အိပ်မက်ချိုလေး ဖြစ်နေလို့ပေါ့။

အိပ်မက်ချိုလေး ဆိုလို့ သူ့ကို ကျွန်တော်စတွေ့တာ အိပ်မက်ထဲမှာတော့ မဟုတ်ဘူး။ လမ်ကြားထဲမှာ ထင်လို့လား အဲဒီမှာလည်း မဟုတ်ဘူး။ သူ့ကို ကျွန်တော်စတွေ့တာ ဟိုး…လေလိုင်း ထဲမှာပါ။ ကျွန်တော်တို့က လေလိုင်းထဲမှာ လမ်းလျှောက်တတ် ကြသူတွေပါ။ လမ်းလျှောက်တာ များလာတော့ ခလုတ်တိုက် မိတာပေါ့။ သူနဲ့ ကျွန်တော် ဘယ်သူကဘယ်သူ့ကို စပြီး ခလုတ်တိုက်မိသလဲ ကျွန်တော် မမှတ်မိချင် တော့ပါဘူး။

အဲဒီနေ့ကလေ တိမ်တောက်ချိန် လွန်သွားပေမယ့် သူအသံလေးက အရမ်းလှနေတာ ကျွန်တော် ခံစားလို့ရတယ်။ ဒါပေမယ့် အမှတ်တမယ့် ပါပဲ။ တစ်ယောက်ကို တစ်ယောက်ကျော်တက် သွားတော့လည်း ခံစားချက်က ဗလာဖြစ်သွားတယ်။
ဘဝမှာ မထင်မှတ်တာလေးတွေ ဖြစ်တတ်တယ် မဟုတ်လား။ လေလိုင်းထဲမှာ လမ်းလျှောက်ထွက်ရင်း သူနဲ့အထပ်ထပ် ဆုံမိတော့ ကျွန်တော် ခလုတ်တိုက်မိတဲ့ ဒဏ်ရာလေးက သတိထားမိတဲ့ အချိန်မှာ တော်တော်ရင်းနေပါပြီ။ တိမ်တောက်ချိန်တွေ ကုန်သွားတိုင်း လေလိုင်းထဲမှာ သူနဲ့ကျွန်တော် လမ်းလျှောက်ထွက် ဖြစ်ခဲ့ကြပါတယ်။

ဒီလိုနဲ့ ကျွန်တော်လည်း တိမ်တောက်ချိန်လေးတွေ မြန်မြန်ကုန်စေဖို့ ဆုတောင်း တတ်လာပါတယ်။ လမ်းလျှောက်ထွက်တိုင်း သူ့အသံလေးကြားရဖို့ မျှော်လင့် တတ်လာပါတယ်။ အတူ လမ်းလျှောက်ထွက်ခဲ့တဲ့ အချိန်တိုင်းကို ပြန်လွမ်း တတ်လာပါတယ်။ သူ့အသံလေးတွေ၊ သူ့စကားလုံးလေးတွေက ရိုးရိုးလေးမှန်းသိပေမယ့် အဲဒီရိုးရိုးလေးကိုပဲ ကျွန်တော် စွဲလန်း တတ်လာပါတယ်။ သူ့ကိုပြောပြချင်တဲ့ စကားလုံးတွေ ရင်ထဲမှာ အမြဲတွေး တတ်လာပါတယ်။ တိမ်တောက်ချိန်လေးတွေ ကုန်သွားပြီး သူနဲ့မတွေ့လိုက်ရမှာ စိုးရိမ် တတ်လာပါတယ်။
ရက်တွေ၊ လတွေ ပြောင်းလာပေမယ့် သူကို ငြီးငွေ့သွားတာမျိုး မရှိခဲ့ပါဘူး။ အတူ လမ်းလျှောက်ရတဲ့ အချိန်တိုင်း တကယ်ပျော်ခဲ့ရပါတယ်။ သူ့အသံနဲ့ သူစကားလုံးတွေက ကျွန်တော် ဘဝထဲမှာ ပျော်ဝင်ခဲ့သလို ဒီရင်ဘက်ကြီးရဲ့ အနက်ရှိုင်းဆုံးနေရာအထိ တိုးဝင်ခဲ့ပါတယ်။ တစ်နေ့တစ်နေ့ သူ့အကြောင်းတွေ စဉ်းစားရင်း ရင်ဘက်တစ်ခုလုံး လေးလံလာတယ်လို့ ကျွန်တော့ ကိုယ်ကျွန်တော် ခံစားရပါတယ်။ ကျွန်တော့ရဲ့ အသက်ရှုသံနဲ့ ရင်ခုန်သံကြားထဲမှာ သူ့ကိုနေရာပေးထား မိပါတယ်။ ခလုတ်တိုက်ခဲ့တဲ့ ဒဏ်ရာက ရင်းလွန်းအားကြီးလာတော့ ကျွန်တော့နှလုံးကတောင် ဘာသာမပြန်နိုင်တော့ပါဘူး။ ကျွန်တော်လေ သူနဲ့ဝေးရာ လေလိုင်းရပ်ဝန်းက ရုန်းထွက်ခဲ့ဖူးပါတယ်။ မျိုသိပ်ရင်း မျိုသိပ်ရင်း နဲ့ တိမ်ဝင်ခဲ့ရလို့ပါ။ ကျွန်တော် နှလုံးသားက ပိုင်ရှင်ရှာတွေ့ထားပြီးပြီလေ။ သူနဲ့အဝေးဆုံးကို မပြေးနိုင်ခဲ့ပါဘူး။ တည့်တည့်ကြီး ပြန်လှည့်ပြီး လေလိုင်းထဲက သူ့နားကို ပြန်လာခဲ့ပါတယ်။

သြော်… လေလိုင်းထဲမှာ ချိုလွင်တဲ့အသံလေးတွေရှိသလို မဆုံနိုင်လို့ရတဲ့ ဝေဒနာလေးတွေ ပါရှိနေတယ် ဆိုတာ တဖြည်းဖြည်းသိလာပါတယ်။ လေလိုင်းထဲမှာ သူနဲ့လမ်းလျှောက် ထွက်မိနေတုန်းပါပဲ။ ဘယ်အချိန်ထိ လမ်းလျှောက်ထွက်ဖြစ် မလဲဆိုတာလည်း မသိချင်ပါဘူး။ သူ့စိတ်နဲ့ပြည့်နေတဲ့ ကျွန်တော့မှာ မအိပ်ချင်တဲ့ညတွေနဲ့ မထချင်တဲ့မနက်တွေသာ များလာခဲ့ပါတယ်။

သူနဲ့ လေလိုင်းထဲမှာ လမ်းလျှောက်ထွက်ရတာ အိပ်မက်ချိုလေး မက်နေရသလိုပါဘဲ။ အိပ်ယာကလန့်နိုးတိုင်း အိပ်မက်ချိုလေး ကိုတမ်းတရတာ ရင်မောလှပါပြီ။ တကယ်တော့ အိပ်မက်ဆိုတာ ပြောပြလို့ရပြီး လိုက်ပြလို့မှမရတာ ဘာကြောင့်လဲ။ အိပ်မက်နဲ့ အိပ်မက်ထဲက အသိတွေက ဦးနှောက်သုံးလို့မှ မရတာ ရင်မောရတာ ဘာဆန်းလဲ။ ဘာမှမရှိဘဲ ဆုပ်ကိုင်ပြီး ဖွင့်ကြည့်မှ ဘာမှမရှိတာကို ခံစားနေစရာလား။ အိပ်မက်ဟာအိပ်မက်ပဲ ဘာမှ အံ့သြစရာမကောင်းပါဘူး။ ဒါကြောင့် အိပ်မက်ကို အိပ်မက်ထဲမှာ ထားပြီး တံခါးပိတ်လိုက်ပါပြီ။ ပိုင်ရှင်ရှာနေတဲ့ ကျွန်တော့ရဲ့နှလုံးသားလေးကို သူ့ဆီပို့ပေးချင် ပါတယ်။ အိပ်မက်တွေဟာ လက်တွေ့ဖြစ်လာဖို့ လမ်းစတွေပါပဲ။ ကျွန်တော် အဲဒီယုံကြည်ချက်ကို ကိုယ်မှာဝတ်ဆင်ပြီး လမ်းစတွေ ရှာတော့မယ်။ လမ်းစတွေရဲ့တဘက်က လက်တွေ့ဘဝထဲမှာ ကျွန်တော့ရဲ့”သူ”ကို မြင်လိုက်ရရင်

( chat room ထဲက ရုန်းမထွက်နိုင်တဲ့ သူငယ်ချင်းတွေ နေရာက ခံစားရေးဖွဲ့မိပါသည်။ )

ကျွန်တော်တို့ အိမ်က သူငယ်ချင်းတွေနဲ့ အများကြီးတိုက်ဆိုင်လို့ ကိုပေါ့ဆိမ့်( http://sindecafe.com ) မှယူတင်လိုက်ပါတယ်ဗျာ။

0 comments: