လှေခုတ်ရွာကလေး

ချင်းတွင်းဧရာမြစ်နှစ်ဖြာရစ်ခါ ပတ်ဝိုင်းအလယ်ပိုင်းရှု့ တိုင်းသာယာ လှေခုတ်ရွာ

အမှန်တွေးခြင်း

သမ္မာသင်္ကပ္ပ(သမ္မာ- မှန်ကန်စွာ၊ သင်္ကပ္ပ- ကြံစည်ခြင်း၊ တွေးတောခြင်း) ဖြစ်ပါ သည်။ အမှန်ကိုတွေးတောနိုင်ဘို့ အမှန်ကိုဦးစွာမြင်ဘို့ လိုအပ်ပါ၏။ တဖန် အမှန် မြင်ဘို့လည်း အမှန်ကိုတွေးဘို့ လိုအပ်မည်ဖြစ်ပါသည်။ ထိုသို့ အပြန်အလှန် အကျိုးပြုနေသောသဘောသည်ပင်လျှင် တရားသဘောနိယာမဖြစ်၏။ အမှန်ကို အမြင့်ဆုံးအနေဖြင့် တွေးတောရမှာကတော့ ရုပ်တရား၊ နာမ်တရားတို့၏ ဖြစ်သ ဘော၊ ပျက်သဘောတို့ကို တွေးတောခြင်းနှင့် သစ္စာလေးပါးတရားတို့ကိုသာ အမှန် အားဖြင့် တွေးတောနေခြင်းဖြစ်ပါသည်။

လူ၊ နတ်၊ ဗြဟ္မာ၊ တိရစ္ဆာန်စသဖြင့် ပညတ်ထားသော အမည်နာမတို့ကို ဖြုတ်လိုက် လျှင် အားလုံးသည် သုံးဆယ့်တစ်ဘုံသား သတ္တ၀ါတို့ပင် ဖြစ်ကြပါသည်။ အဆင့် အတန်းဟူသော ခွဲခြားဆက်ဆံတတ်သည့်သဘောသည် မာနကိလေသာ၏ ခြယ် လှယ်မှုပင်ဖြစ်၏။ လူလူချင်းစာနာထောက်ထားတတ်ရုံသာမက တိရစ္ဆာန်လေးတွေ ကိုလည်း စာနာထောက်ထားတတ်ရပါမည်။ မိမိ၏ ကိုယ်ကျိုးစီးပွားအတွက် သူတစ်ပါးတို့၏ ကိုယ်ကျိုးစီးပွားကို ဖျက်စီးဘို့ ကြံစည်နေခြင်းသည် မလျော်ကန်မသင့်မြတ်လှသော အတွေးပင်ဖြစ်၏။ မိမိ၏ ကျန်းမာရေးအတွက် ယင်ကောင်လေးတွေ၊ ခြင်လေးတွေကို သတ်ဘို့ကြံစည်ခြင်းသည် မစာနာ မထောက်ထားသော ကြံစည်မှုပင်ဖြစ်၏။ အားလုံးသည်ပင်လျှင် သတ္တ၀ါတို့ မဟုတ်ကြပါလော။ ဤမျှ ရှည်လျားလှသော သံသရာ၌ မိမိသည်ပင်လျှင် ခြင်၊ ယင်တို့ဖြစ်ခဲ့ဖူးလေပြီ။ မိမိနှင့် ဆွေမျိုးမတော်စပ်ဘူးခဲ့သောသူမရှိခဲ့ဟူ၍ မြတ်စွာ ဘုရားဟောကြားခဲ့ပါသည်။ တစ်ခါတုန်းက မြတ်စွာဘုရားသည် အရှင်အာနန္ဒာ ဆွမ်းစားနေစဉ် သုံးဆောင်နေဆဲဖြစ်သော ငါးဟင်းမှာ တချိန်က သားတော်စပ်ဖူးခဲ့ကြောင်း တန်ခိုးတော်ဖြင့် ပြသလိုက်ရာ ဆွမ်းမစားဝံ့ဘဲ ဖြစ်ခဲ့ဖူးလေ၏။ ထို့ကြောင့် နိဗ္ဗာန်မရသေးသော သတ္တ၀ါအားလုံးသည် သံသရာ ခရီးသည်များဖြစ်ကြရာ အချင်းချင်း စာနာသင့်လှပေသည်။

ပေးကမ်းလှူဒါန်းခြင်းအမှုသည် အချင်းချင်းရိုင်းပင်းခြင်း၊ ကောင်းမှုပြုခြင်းပင်ဖြစ်ပါ သည်။ မိမိရထားသော အခွင့်အရေး၊ လာဘ်လာဘ၊ ဥစ္စာပစ္စည်းတို့အား သူတစ်ပါး တို့နှင့် မျှဝေစားသုံးခြင်းသည် မှန်သောတွေးခြင်းမှလာသော ကောင်းသောအလုပ် ဖြစ်၏။ မိမိပိုင်ဆိုင်ထားသော အရာအားလုံးတို့သည် သေလျှင်ထားခဲ့ရမည်သာ ဖြစ်ပါသည်။ ထို့ကြောင့် နိဗ္ဗာန်ကိုအလိုရှိသောဆန္ဒဖြင့် ကိုယ့်မှာရှိသော အသိပညာ ဗဟုသုတ၊ အခွင့်အရေး၊ လာဘ်လာဘတို့ကို ကိုယ်ချည်းသုံးဆောင်မနေပဲ သူတစ်ပါးတို့အားလည်း ဝေမျှသုံးဆောင်ခြင်းဖြင့် မိမိ၌ပါရမီကုသိုလ်အထူးတို့ ပါသွားမည်ဖြစ်ပေသည်။ ရေတစ်ခွက်ပေးလှူသည်ဖြစ်စေ ထိုဒါနကောင်းမှုသည် နိဗ္ဗာန်၏ အထောက်အပံ့ဖြစ်အောင် နိဗ္ဗာန်သို့ ရည်မှန်း၍သာ ပေးလှူကြပါလေ။

သူတစ်ပါးတို့ ဆင်းရဲကြောင်းကိုသာ တွေးတောနေခြင်းသည် မျက်မှောက်ကာလ မိမိမှာပူလောင်နေရသလို သူတစ်ပါးတို့အတွက်လည်း အကျိုးရှိလာစရာ အကြောင်းမရှိပေ။ တစ်ယောက်နှင့်တစ်ယောက် ရှုံ့ချခြင်း၊ ကဲ့ရဲ့ခြင်း၊ အပြစ်တင် ခြင်း၊ အထင်သေးခြင်းတို့ဖြင့်နေနေကြလျှင် ယခုဘ၀အဘယ်သို့အကျိုးရှိအံ့နည်း။ သံသရာမှာဖြစ်ပေါ်လာမည့် ဆင်းရဲခြင်းအကြောင်းသာလျှင် ဖြစ်နေပေမည်။ ထို့ကြောင့် သူတစ်ပါးတို့ချမ်းသာကြောင်းကိုသာ အစဉ်တွေးတောနေပြီး မိမိ ကိုယ်တိုင်လည်း ချမ်းသာစွာနေနိုင်အောင် ကျင့်ကြံသင့်လှပေသည်။

ဧကာယနောဟူသော တစ်ခုတည်းသော မသေရာလမ်း မဂ္ဂင်ရှစ်ပါးတရားတော် မြတ်ကြီးကို မြတ်ဗုဒ္ဓသည် ဟောကြားတော်မူခဲ့လေပြီ။ ထို့ကြောင့် ယခုလို မဂ္ဂင်ရှစ် ပါးတရားတော်မြတ်ကြီးနှင့် ကြုံကြိုက်နေပါသော်လည်း မကျင့်ကြံမပွားများပဲနေနေ ကြလျှင်ဖြင့် မိမိအတွက် ပေါ်ပေါက်လာသောလမ်းမဟုတ်ပဲ ဖြစ်နေပေမည်။ “ရန်သူဝိုင်းထား၊ ထိုယောက်ျားကား၊ လမ်းပေါက်သာလျက်၊ ပြေးမထွက်၊ လမ်းတွက်မဟုတ်ချေ။” ဆိုသည့် ကျေးဇူးတော်ရှင်မဟာစည်ဆရာတော်ဘုရားကြီး ၏ အဆုံးအမကဲ့သို့ ဖြစ်နေပေမည်။ ထို့ကြောင့် လမ်းသွားချင်းပက်ပင်းကြုံနေတုန်း ငါကြံတာမှအမှန်၊ ငါပြောတာမှ သဘောမိ၊ ငါလုပ်တာမှ အဟုတ်ဟူ၍လည်း အချင်းချင်းအငြင်းပွားမနေကြတော့ဘဲ မိမိ၌ရှိသော ကိလသာတရားတို့ငြိမ်းအောင် မဂ္ဂင်ဖောင်ကြီးအမြန်စီး ခရီးနှင်သင့်လှပေပြီ။

မိမိ၏ ကောင်းမှန်သောကြံစည်မှု၊ ပြောဆိုမှု၊ ပြုကျင့်မှုတို့ဖြင့် အတူနေများဂုဏ်မြင့် အောင် ဆောင်ရွက်သင့်ကြပါသည်။ ထိုသို့ဆောင်ရွက်ခြင်းဖြင့် မိမိ၏ဂုဏ်တို့လည်း မြင့်မားလာမည်ဖြစ်ပြီး ထိုထိုကောင်းမှုတရားတို့ကို ပြန်လည်၍ အောင်းမေ့လိုက် တိုင်းလည်း ပြန်လည်ဝမ်းမြောက်နေရပေမည်။ လူ့ဘ၀ဖြစ်ရ သမုဒ္ဒရာရေတစ်ပွက် မျှသာမို့ ထာဝရချမ်းသာ မသေရာလမ်းကို အမြန်သာလျှောက်လှမ်းကြပါကုန်။

စာဖတ်သူတို့အားလုံး ကိုယ်စိတ်နှစ်ဖြာချမ်းသာခြင်းနှင့် ပြည့်စုံနိုင်ကြပါစေ။

0 comments: